၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့၊ နံနက်ခင်း ထိုင်းသတင်းများ



မီတာဖတ်ဝန်ထမ်း အယောင်ဆောင်ထားတဲ့ မူးယစ်မှောင်ခိုနဲ့ AI ကင်မရာ လက်ချက်မိသွားတဲ့ စိတ်ကြွဆေးပြား ၇ သန်းကျော်

ချင်းမိုင်၊ ၂၀၂၆ မေ ၁၂

၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ထိုင်းနယ်မြေ ၅ ရဲတပ်ဖွဲ့ က ချင်းမိုင်နှင့် လန်ပန်းမြို့များတွင် အဓိက မူးယစ်ဆေးဝါးကွန်ရက်ကြီး ၂ ခုကို ဖြိုခွင်းနိုင်ခဲ့ပြီး စိတ်ကြွဆေးပြားစုစုပေါင်း ၇ သန်းကျော် ကို သိမ်းဆည်းရမိခဲ့သည်။

လျှပ်စစ်မီတာဖတ်သည့် ကုမ္ပဏီဝန်ထမ်းအဖြစ် အယောင်ဆောင်ထားသူက မီတာဖတ်ရန် ရပ်ကွက်များအတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိသည်ကို အခွင့်ကောင်းယူကာ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

လန်ပန်းတွင် AI ကင်မရာဖြင့် သံသယဖြစ်ဖွယ် ကားနှစ်စီးကို ဖော်ထုတ်နိုင်ခဲ့ပြီး စိတ်ကြွဆေး ၆,၀၀၀,၀၀၀ ပြား (အိတ် ၂၀) ဖမ်းဆီးရမိခဲ့သည်။ တရားခံများသည် ရဲကားကို တိုက်ကာ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။

မူးယစ်မှောင်ခိုသမားများသည် စစ်ဆေးရေးဂိတ်များကို ရှောင်ရှားရန် အစိုးရ ဝန်ထမ်းများ အဖြစ် အသွင်ယူလာကြသည်။

ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိသူများ၏ ငွေကြေးစီးဆင်းမှုလမ်းကြောင်းကို စုံစမ်းစစ်ဆေးပြီး နောက်ကွယ်မှ လက်မည်းကြီးများကို ဖော်ထုတ်ရန် ဆက်လက်ဆောင်ရွက်နေသည်။

Source: Chiang Rai Times

#AroneNews #ချင်းမိုင် #လန်ပန်း #ထိုင်းသတင်း #DrugBust #ChiangMai #Lampang

 



အချိန်လေး သက်သာဖို့ အသက်နဲ့ ရင်းမလား ပတ္တရားက ယာဉ်ကြောပြောင်းပြန်မောင်းနှင်မှု အန္တရာယ်

ပတ္တရား၊ ၂၀၂၆ မေ ၁၂

Sattahip ရှိ J Intersection အဝိုင်း နှင့် ပတ္တရား၊ ဂျွန်တီယံ ခရီးသွားဇုန်များတွင် ကားနှင့် ဆိုင်ကယ်များက လမ်းပြောင်းပြန်မောင်းသည့် အလေ့အထ ပိုမိုဆိုးရွာလာနေသည်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ကားရှေ့ကင်မရာ မှတ်တမ်းများအရ ယာဉ်မောင်းအချို့သည် အချိန်ကုန်သက်သာစေရန်အတွက် အဝိုင်းအတွင်း လမ်းပြောင်းပြန် မောင်းနှင်နေကြသည်ကို ထိတ်လန့်ဖွယ် တွေ့မြင်ရသည်။

မြန်သော်လည်း အလွန်အန္တရာယ်များသည့် လုပ်ရပ် ဟု ဆိုကြပြီး ထိပ်တိုက်ရင်ဆိုင်တိုက်မိပါက အသက် သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သတိပေးနေကြသည်။

ပတ္တယားနှင့် ဂျွန်တီယံကဲ့သို့ လူစည်ကားရာနေရာများတွင် ဧည့်သည်များ လမ်းမကျွမ်းကျင်ခြင်းကြောင့် လမ်းမှားဝင်ခြင်းနှင့် စည်းကမ်းမဲ့ လမ်းပြောင်းပြန်မောင်းနှင်ခြင်းများ မကြာခဏ ဖြစ်ပွားနေသည်။

လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားသူများက တာဝန်ရှိသူများအနေဖြင့် ဥပဒေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန်နှင့် အန္တရာယ်ရှိသော လမ်းဆုံများတွင် လမ်းညွှန်အမှတ်အသားများကို ပိုမိုရှင်းလင်းစွာ တပ်ဆင်ပေးရန် တောင်းဆိုထားသည်။

အဝိုင်းနှင့် လမ်းဆုံများတွင် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း မောင်းနှင်ရန်နှင့် ယာဉ်စည်းကမ်း ဖောက်ဖျက်ခြင်းသည် မိမိနှင့် သူတစ်ပါးအသက်ကို ရန်ရှာရာရောက်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

Source: Pattaya Mail

#AroneNews #RoadSafety #ThailandTraffic #Pattaya #Sattahip #WrongWayDriving #ထိုင်းသတင်း

 



ဖူးခက် ကော်ဖီဆိုင်တစ်ခုမှာ အိန္ဒိယခရီးသွားတွေ ရုတ်တရက် စုပြုံလဲကျမှု - တစ်ဦးသေဆုံးပြီး ကျန်လူများကို ဆေးရုံတင်ထားရ၊ အကြောင်းရင်းကို စုံစမ်းနေဆဲ

ဖူးခက်၊ ၂၀၂၆ မေ ၁၂

၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်၊ နံနက်အစောပိုင်း ၂ နာရီခန့်တွင် ဖူးခတ်၊ ကာမလာ ကမ်းခြေရှိ နာမည်ကြီး ကော်ဖီဆိုင်တစ်ခုတွင် အိန္ဒိယနိုင်ငံသား ၅ ဦးပါဝင်သော ခရီးသွားအဖွဲ့သည် ကဖေးအတွင်း ရှိနေစဉ် တစ်ဦးပြီးတစ်ဦး ရုတ်တရက် သတိလစ်လဲကျသွားခဲ့သည်။

အမျိုးသားတစ်ဦးသည် ဆေးရုံသို့ ပို့ဆောင်ကုသစဉ် အခြေအနေစိုးရိမ်ရသည့်အတွက် Vachira Phuket ဆေးရုံသို့ ပြောင်းရွှေ့ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။

ကျန်ရှိသူ ၃ ဦးကို ပါတောင် နှင့် Thalang ဆေးရုံများသို့ ပို့ဆောင်ခဲ့ရပြီး လက်ရှိတွင် အခြေအနေ တည်ငြိမ်နေပြီ ဖြစ်သည်။

အဖွဲ့ထဲမှ တစ်ဦးမှာမူ မည်သည့်လက္ခဏာမျှ မပြဘဲ ကျန်းမာလျက်ရှိသည်။

ယခုကဲ့သို့ ရုတ်တရက် စုပြုံလဲကျရသည့် အကြောင်းရင်းကို အာဏာပိုင်များက အတည်မပြုနိုင်သေးဘဲ စုံစမ်းဆဲဖြစ်သည်။

ရဲတပ်ဖွဲ့သည် ကော်ဖီဆိုင်အတွင်းရှိ CCTV မှတ်တမ်းများကို စစ်ဆေးနေပြီး ဝန်ထမ်းများကိုလည်း မေးမြန်းစစ်ဆေးနေသည်။

သေဆုံးရသည့် အကြောင်းရင်းမှန်ကို သိရှိနိုင်ရန် အလောင်းကို အသေးစိတ် ခွဲစိတ်စစ်ဆေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ သံရုံးနှင့်လည်း ချိတ်ဆက် ဆောင်ရွက်နေသည်။

Source: Pattaya Mail

#AroneNews #Phuket #TravelSafety #IndiaTourist #KamalaBeach #PhuketNews #ထိုင်းသတင်း

 



ပတ္တရားကမ်းခြေလမ်းမှာ ဆိုင်ကယ်နဲ့ ပစ်ကပ်ကား တိုက်မိ - ဆိုင်ကယ်မောင်းသူ ဒဏ်ရာရရှိ

ပတ္တရား

မေလ ၁၀ ရက်နေ့က ပတ္တယားရှိ ကမ်းခြေပတ်လမ်း အတိုင်း မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးသည် ရှေ့မှပစ်ကပ်ကားတစ်စီး၏ နောက်ပိုင်းကို ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းသူ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ မတော်တဆမှု ဖြစ်ပွားချိန်တွင် ပတ္တယား စည်ပင်သာယာရေး အရာရှိများသည် ထိုနေရာ၌ ယာဉ်ကြော ထိန်းသိမ်းရေး တာဝန်ထမ်းဆောင်နေကြပြီး၊ ဖြစ်စဉ် ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် Sawang Boriboon ကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်ကာ အကူအညီတောင်းခံပေးခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့သည် ဒဏ်ရာရရှိသူကို အခင်းဖြစ်နေရာ၌ ရှေးဦးသူနာပြုစုမှုများ ပြုလုပ်ပေးခဲ့ပြီးနောက် နောက်ထပ် ဆေးကုသမှုများ ဆက်လက်ခံယူနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကိုမူ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

တာဝန်ရှိသူများသည် ဖြစ်စဉ်ဖြစ်ပွားနေစဉ်အတွင်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန် ကူညီဆောင်ရွက်ပေးခဲ့ပြီး လူစည်ကားသော ကမ်းခြေလမ်းပေါ်တွင် ယာဉ်ကြောများ ပုံမှန်အတိုင်း ဖြစ်စေရန် အခင်းဖြစ်နေရာကို အမြန်ဆုံး ရှင်းလင်းပေးခဲ့သည်။

အာဏာပိုင်များအနေဖြင့် မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို အတည်မပြုနိုင်သေးဘဲ ဖြစ်ပွားရသည့် အခြေအနေများကို ဆက်လက် စစ်ဆေးလျက်ရှိသည်။

Source: Pattaya Mail

#AroneNews #PattayaNews #RoadAccident #BeachRoad #MotorcycleCrash #TrafficSafety #ထိုင်းသတင်း

Comments

Popular posts from this blog